မျက်နှာကြီးမှလား
ကိုသီဟ။ ဟာဆရာကျော် လာဗျာ ထိုင် လက်ဖက်ရည်သောက်..
ကိုကျော်လွင်။ သြော်. ခင်ဗျားကတော့ အေးဆေးပါဘဲလားဗျ.. ဘာသတင်းမှမကြားမိဘူးလား..
ကိုသီဟ။ ဘာသတင်းလဲဗျ.. ထူးထူးခြားခြားမကြားမိသေးပါဘူး။
ကိုကျော်လွင်။ မကြားမိတာဘဲ ခပ်ကောင်းကောင်းဗျို့... ကြားမိရင်ဒေါသဖြစ်နေဦးမယ်..
ကိုသီဟ။ ဆိုစမ်းပါအုံးဗျာ..
ကိုကျော်လွင်။ ဒီနေ့မနက် ပျဉ်းမနားဘူတာမှာ ဗုံးကွဲတယ်လေ..
ကိုသီဟ။ ဟုတ်လား...ဆိုးလိုက်တာဗျာ..
ကိုကျော်လွင်။ ဆိုးတာထက်.. မိုက်ရိုင်းစုတ်ပဲ့တယ်လို့ပြောရင် မလွန်ဘူးထင်တာဘဲ.. စဉ်းစားကြည့်လေဗျာ... ဘူတာမှာရှိနေတဲ့ ခရီးသွားအများစုဟာ အခြေခံ လူတန်းစားတွေပါဘဲ.. ဒီတော့ ဗုံးခွဲသူတွေရဲ့ ပစ်မှတ်ကဘာလဲ။ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့အောင်လုပ်ပြီး ပြည်သူတွေကို ငတ်အောင် လုပ်တယ်။ ငတ်လို့မသေ တဲ့ ပြည်သူတွေကို ဗုံးခွဲပြီးသတ်ချင်တာလား..။
ကိုသီဟ။ နောက်တစ်ခုသေချာတာက ဒီလိုဗုံးခွဲတိုက်ခိုက်မှုမျိုးကို လက်ရှိအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေထဲက တစ်ခုခုကလုပ်တာလို့ ကောက်ချက်ချနိုင်တယ်။ လက်ရှိ အစိုးရကို ဗြောင်တိုက်ခိုက်လို့၊ ဆန့်ကျင်လို့မရရင် ခပ်တုံးတုံးအလွယ်လိုက်တဲ့ ဗုံးခွဲတာကိုပဲလက်လွတ်စပယ်လိုက်ကြတာပဲဗျာ... နောက်ဆုံးတော့ နိုင်ငံရေး၊ စစ်ရေး ဘာမှမသိရှာတဲ့ စားဝတ်နေရေးအတွက် လုံးပမ်းနေကြတဲ့ ပြည်သူတွေပဲ ဓါးစားခံဖြစ်ရတာပဲဗျာ။ အစိုးရအုပ်ချုပ်ရေးယန္တရား မတည်ငြိမ်တာကနောက် တကယ်တမ်းကျီးလန့်စာစား ဒုက္ခရောက်ကြတာက ပြည်သူတွေပဲမဟုတ်လားဗျာ..
ကိုကျော်လွင်။ နောက်ထပ်ဆိုးတာက နိုင်ငံခြားအသံလွှင့်ဌာနတွေနဲ့ နိုင်ငံကြီးအချို့ပဲဗျ... စဉ်းစား ကြည့်လေ.. ကျွန်တော်တို့လို သူတို့သဘောမတွေ့တဲ့ နိုင်ငံငယ်လေးတွေမှာ ဗုံးပေါက် ကွဲမှုတွေဖြစ်တော့ အစိုးရအုပ်ချုပ်မှုညံ့ဖျင်းတယ်လေး၊ လုံခြုံမှုလစ်ဟင်းတယ်လေး၊
ပြည်သူလူထုအတွက်အာမခံချက်မပေးနိုင်ဘူးလေးနဲ့ပျစ်ပျစ်နှစ်နှစ်ဝေဖန်ပြီး အစိုးရကို မတရား ဖိအားတွေပေး ရသမျနည်းလမ်းတွေနဲ့ ပိတ်ဆို့နှိပ်ကွပ်ကြတာလား .. ဗျာ။
ဟော... သူတို့ရဲ့မဟာလန်ဒန်မြို့ကြီးမှာ အကောင်းဆုံးစုံထောက်တွေ၊ အစေ့စပ် ဆုံးလုံခြုံရေး၊ အာမခံချက် အပြည့်ပေးပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ဗုံးကွဲမှု ဖြစ်တော့ အမလေး.. ကိုယ်ချင်းစာ ကြေကွဲတဲ့ နိုင်ငံတွေများ ပေါ်လာလိုက်ကြတာ ပွက်ပွက်ကိုညံနေတာပဲဗျာ.. ဒီကြားထဲ ဆိုင်ဆိုင်မဆိုင်ဆိုင် တည့်တည့်မတည့်တည့် အသားလွတ်ကြီး ၀မ်းနည်းကြောင်း သ၀ဏ်လွှာတွေ ပို့တဲ့နိုင်ငံတွေကလည်း ဒုနဲ့ဒေး နိုင်ငံလေးတွေမှာဗုံးကွဲမှုတွေဖြစ်ရင် ခွဲတဲ့သူကိုဘာမှမပြောအစိုးရကိုသာမဲပြီး အရသာ ခံမှိုချိုးမျစ်ချိုးပြောတတ်တဲ့နိုင်ငံကြီးတစ်ချို့ဆိုရင် လန်ဒန်ပေါက်ကွဲမှုအတွက် အကြမ်း ဖက်သမားတွေကို ရှုပ်ချတာများ အသံတောင်တုန်လို့ဗျာ...။ ဘီဘီစီ၊ ဗွီအိုအေ ဆိုတာများကလည်း မြန်မာပြည်မှာ ဗုံးကွဲရင် အစိုးရကိုတီး၊ ဗုံးခွဲသူတွေကို သွားကြီးဖြီး ပြီး နိုဗယ်လ်ဆုပေးတော့မလောက်ကိုလုပ်တာ လန်ဒန်မှာလဲကွဲရော အကြမ်းဖက် သမားတွေမကောင်းဘူး မကောင်းဘူးဆိုပြီး အာခေါင်ခြစ်အော်တာ ရင်ကွဲမတတ်ဘဲ သနားဖို့တောင် ကောင်းလိုက်တာဗျာ.. ကျွန်တော်တို့ပြည်သူပြည်သားတွေလည်း လူတွေပါပဲဗျာ... ဗုံးကွဲ ရင် သေတတ်တယ်၊ သေသွားရင် ၀မ်းနည်းရတာပါပဲဗျာ..။ သူတို့နိုင်ငံသားတွေမှလူတွေ၊ထိခိုက်သွားရင် ၀မ်းနည်းစရာကောင်းတာတွေ မဟုတ်ပါ
ဘူးဗျာ။ ဒါမျိုးခွဲခြားတာ ဒီမိုကရေစီတဲ့လားဗျာ.. နိုင်ငံကြီးသားတွေတဲ့လားဗျာ..။ ဒီလိုသာဆိုရင်တော့ ကျွန်တော့်စိတ်နဲ့ ကျွန်တော့်ကိုယ် နိုင်ငံကြီးသားမဖြစ်ရလဲ ကိစ္စ မရှိတော့ပါဘူးဗျာ..။
ဒီတော့က စကားပုံတောင်ပြောင်းရမလိုဖြစ်နေပြီ... '' မျက်နှာကြီးရာ ဟင်းဖတ်ပါ'' မဟုတ်ဘဲ ''နိုင်ငံကြီးရာ ဟင်းဖတ်ပါလို့''... ပြောရရင်တော့ နေကုန်တောင်ပြီးမှာ မဟုတ်ဘူး...သွားတော့မယ်...။
ကိုသီဟ။ ဟ.. လက်ဘက်ရည်သောက်သွားဦးလေ..။
ကိုကျော်လွင်။ တော်ပြီဗျာ..။
1 comment:
ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။
ငါတို့အမျိုး စစ်မျိုးမရှိ
စစ်မျိုးပါလျှင် သူခိုးသူဝှက် အလိမ်ပါဘက် မုဒိမ်းကောင်တက်သလို
အမျိုးနာမည်
အောက်တန်းမျိုးရိုး
စစ်ဗိုလ် စစ်သားမျိုး
အဘက်မလုပ် အ၀င်မခံလျှင် မျိုးရိုးဂုဏ်နိမ့်မည်စိုး
ငါတို့အမျိုးစစ်သားမရှိ ဂုဏ်ယူမိ၏။
Post a Comment